အသည်းကြီးနေတာလားဆိုတာ ဘယ်လို သိနိုင်မလဲ
အသည်းဆိုတာက ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ အသည်းမရှိဘဲ မကျန်းမာဘဲ အသက်ရှင်သန်ဖို့ မလွယ်ကူပါဘူး။ အသည်းက ခန္ဓာကိုယ်အတွက် အရေးပါဆုံးသော လုပ်ငန်း တော်တော်များများကို လုပ်ဆောင်ပေးနေတာပါ။ သွေးထဲက အဆိပ်တွေကိူ စစ်ထုတ်ပေးသလို သွေးတွင်းအဆီကိုလည်း ထိန်းညှိပေးပါတယ်။ ဒါကြောင့်လည်း အသည်းက အရေးကြီးတယ်လို့ ဆိုနေရတာ ဖြစ်ပြီး အသည်း ကျန်းမာဖို့လည်း အရေးကြီးတာပါ။ နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ဆိုရင် အသည်းကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
တကယ်လို့ အသည်းက မစစ်ထုတ်နိုင်လောက်တော့တဲ့အထိ အဆိပ်များလာချိန် ဒါမှမဟုတ် အဆီတွေ များလာချိန်မှာ အသည်းရောင်တာကို ဖြစ်စေနိုင်ပါတယ်။ အသည်းရောင်ရင် ဘာတွေ ခံစားရနိုင်မလဲဆိုတာကို သိချင်နေပြီလား။ ဒါဆိုရင်တော့ ကိုယ်တိုင်ဆက်လေ့လာလိုက်ပါဦး။
အသည်းကြီးတယ် ဆိုခြင်းမှာ
အသည်းကြီးတယ် ဆိုတာက အသည်းဟာ ပုံမှန်ထက် အသည်း ကြီးမားနေတဲ့ အခြေအနေပါ။ အသည်းရောင်တာက အသည်းရောဂါ တစ်မျိုးမျိုးကြောင့်လည်း ဖြစ်နိုင်သလို သွေးထဲနဲ့ နှလုံးမှာ ကျန်းမာရေး တစ်ခုခုကို ခံစားနေရချိန်မှာလည်း အသည်းကြီးတာကို ခံစားရနိုင်ပါတယ်။
အသည်းကြီးတာက အန္တရာယ်ရှိလား
အသည်းကြီးတာက အန္တရာယ်ရှိလားဆိုတော့ အခြေအနေတိုင်းမှာတော့ မဟုတ်ပါဘူး။ အသည်းကြီးရခြင်း အကြောင်းအရင်းကို လိုက်ပြီး အန္တရာယ်ရှိ၊ မရှိ ကွာခြားနိုင်ပါတယ်။ အချို့သော အခြေအနေမှာ အရေးပေါ် အခြေအနေ ဖြစ်ပေမယ့်လည်း အချို့သော အခြေအနေမှာတော့ သတိပေးလက္ခဏာဖြစ်နိုင်ပါတယ်။
အသည်းကြီးတာက တစ်ခါတလေမှာ ခဏမျှသာ ခံစားနေရပြီး အချို့သော အခြေအနေမှာတော့ ရေရှည် ခံစားရနိုင်ပါတယ်။ ဒီလို ရေရှည် အသည်းကြီးတာက အသည်းကို တဖြည်းဖြည်းချင်း ပျက်စီးသွားစေပြီး နောက်ဆုံးမှာ အသက်အန္တရာယ် ထိခိုက်စေတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အသည်းကို ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဖို့ လိုပါမယ်။
အသည်းကြီးရင် ဘယ်လိုတွေ ခံစားရနိုင်လဲ
အချို့သောသူတွေမှာ အသည်းကြီးတာက လက္ခဏာမပြဘဲ ရှိနေတတ်သလို တစ်ခါတလေမှာလည်း အသည်းကြီးနေတာက ဗိုက်ရဲ့ ညာဘက်အထက်နားက ခပ်အောင့်အောင့် ခံစားရတာမျိုး ရှိနိုင်ပါတယ်။ ဒီအချက်တွေအပြင် အသည်းကြီးလာပြီဆိုရင်
- အသားတွေနဲ့ မျက်ဖြူသားတွေ ဝါတာမျိုး - အသားအရောင်တွေက ပုံမှန် အရောင်မျိုး မဟုတ်ဘဲ ဝါလာတာမျိုး၊ မျက်ဖြူသားတွေက ဝါထေးထေး ဖြစ်လာတာမျိုးတွေ ခံစားရနိုင်ပါတယ်။
- အစားစားချင်စိတ် နည်းလာတာမျိုး - အစားစားချင်စိတ် မရှိတာ၊ ပုံမှန်ထက် အစားစားချင်စိတ် နည်းလာတာ၊ ခံတွင်းပျက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
- ဆီးအရောင်ရင့်တာ - ဆီးအရောင်က အဝါဖျော့ဖျော့ ဒါမှမဟုတ် ရေလို ကြည်နေတာပါ။ အသည်းက ကြီးနေပြီဆိုရင်တော့ ဆီးအရောင်က ရင့်လာတာမျိုး ခံစားရနိုင်ပါတယ်။
- ဝမ်းအရောင်ဖျော့တာ - ဝမ်းအရောင်က ဖြူဖြဲဖြဲ ဖြစ်နေတာမျိုး ခံစားရနိုင်ပါတယ်။
- မအီမသာဖြစ်တာ - အမြဲလိုလို မအီမသာဖြစ်နေတာမျိုး ခံစားရနိုင်ပါတယ်။
- အော့အန်တာ - ဖျားနာတာ အစားမှားတာမျိုး မဟုတ်ဘဲ အော့အန်နေတာမျိုးပါ။
- အဖျားတက်တာ - အဖျားတက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
- ဗိုက်အောင့်တာ - ဗိုက်ထဲက စူးစူးပြီး အောင့်တာမျိုးကို ခံစားရနိုင်ပါတယ်။
- ခြေကုန်လက်ပမ်းကျတာ - ပင်ပင်ပန်းပန်း လှုပ်ရှားတာမျိုး မရှိပါဘဲ အမြဲလိုလို ခြေလက်တွေထဲ ခြေကုန်လက်ပမ်းကျသလိုခံစားရနိုင်ပါတယ်။
- တရှောင်ရှောင် နေထိုင်မကောင်းတာ - လူတစ်ယောက်ဟာ ပုံမှန်မှာ တစ်နှစ်လုံးမှာ ၄ ကြိမ် ကနေ ၆ ကြိမ်ဝန်းကျင်သာ ဖျားနိုင်ပြီး တကယ်လို့ ခဏခဏ ဖျားနာနေပြီဆိုရင် အသည်းကြီးနေသလားဆိုတာကို စစ်ဆေးဖို့ လိုပါမယ်။
- ကြွက်သားတွေ နာတာ - ကြွက်သားတွေက ပြင်းပြင်းထန်ထန် လှုပ်ရှားမှု မရှိပါဘဲ နာကျင်မှုကို ခံစားနေရတာမျိုးပါ။
- အဆစ်တွေ နာတာ - အဆစ်တွေက နာကျင်ကိုက်ခဲမှုကို မကြာခဏဆိုသလို ခံစားရတာမျိုးပါ။
မွန်မွန်